ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

သတင်းများ


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့ညနေပိုင်းတွင် နေပြည်တော်မှ ပုသိမ်မြို့သို့ပြန်ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများက ပုသိမ်တက္ကသိုလ် မုဒ်ဦးတွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းဝင်များအား ပန်းစည်းများ၊ ပန်းကုံးများဖြင့်ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကာ ပြိုင်ပွဲဝင်များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။  (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအဆို၊ အက၊ အရေး၊ အတီး အသင်းဝင်များတက်ရောက်ခဲ့ကြသည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ  ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲကို အဆင့်မီမီပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ၂၂ ကြိမ်မြောက်ပြိုင်ပွဲထက် ပိုမိုအောင်မြင်စေရေး ရည်ရွယ်၍ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများအဆင့်ဆင့်ပြုလုပ်၍ အရည်အချင်းပြည့်ဝသည့် ပြိုင်ဝင်များရွေးချယ်၍ စနစ်တကျစခန်းသွင်းလေ့ကျင့်ခဲ့ပြီး လိုအပ်သည်များပံပိုးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် အင်အားအပြည့်ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်မြင်မှုများရရှိစေရေး  သက်ဆိုင်ရာကော်မတီများ၊ အုပ်ချုပ်သူများမှ ကြိုးစားဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ နောင်နှစ်ပြိုင်ပွဲများတွင် ယခုထက်ပိုမိုအောင်မြင်စေရေး မျိုးဆက်သစ် အနုပညာများ၊ ရွက်ပုန်းသီးအနုပညာရှင်များရှာဖွေမွေးထုတ်ကြရမှာဖြစ်ပါကြောင်း၊ အခြေခံပညာမှစ၍ အဆင့်မြင့်ပညာ၊ ဝါသနာရှင်အဆင့်ဆင့်ရှိ အနုပညာရှင်များစဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေးဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယခုကဲ့သို့အောင်မြင်မှုများရရှိအောင် ကြိုးစားခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ အသင်းနည်းပြအုပ်ချုပ်သူများ၊ ပညာရှင်များနှင့် ကူညီဆောင်ရွက်ပေးကြသူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်နှစ်ပြိုင်ပွဲများတွင် ယခုထက်ပိုအောင်မြင်မှုများရရှိစေရေး၊ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြရန်”ပြောကြားခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းမှ ဘာသာရပ်အလိုက် ပညာရှင်ကြီးများနှင့် အသင်းနည်းပြအုပ်ချုပ်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုချီးမြှင့်ငွေအားလည်းကောင်း၊ ပထမဆုရရှိခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုချီးမြှင့်ငွေများအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးမှ ပထမဆုနှင့်ဒုတိယဆုရရှိခဲ့သူများအားလည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများနှင့် အသင်းအုပ်ချုပ်နည်းပြများ၊ ပြိုင်ပွဲဝင်အသင်းသားများအားဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းတာဝန်ခံ တိုင်ရင်းသားရေးရာဝန်ကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများမှ ပြန်လည်ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး (ဗဟိုအဆင့်) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် စုစုပေါင်း(၁၉၃)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု၁၅ဆု၊ ဒုတိယဆု၁၈ဆု၊ တတိယဆု၁၅ဆု၊နှစ်သိမ့်ဆု ၉ဆု စုစုပေါင်း ၅၇ ဆုနှင့် အထူးဆု ၁ဆု ဆွတ်ခူးရရှိခဲ့ပါသည်။


Read More...
20-Oct-2022
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် တပ်ဖွဲ့ဝင်များအားဂုဏ်ပြုဆုချီးမြှင့်အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် တို့က ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲ၊ ဇီးချိုင်ဒေသ၊ဖျာပုံမြို့နယ်နှင့် မအူပင်မြို့နယ်များတွင် အကြမ်းဖက် PDF အဖွဲ့များအား လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရရှိခဲ့မှုများတွင် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်တို့မှ လည်းကောင်း၊ ဖျာပုံမြို့နယ်နှင့် မအူပင်မြို့နယ်များတွင် အကြမ်းဖက် PDF အဖွဲ့များအားလက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရရှိခဲ့မှုများတွင် စွမ်းစွမ်းတမံပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ဇော်ထွန်းတို့မှ လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ခန်းမအတွင်းခင်းကျင်းပြသထားသည့် ဖမ်းဆီးရမိလက်နက်ခဲယမ်းများနှင့်လျှို့ဝှက်ဖောက်ခွဲရေးပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့သည်။


Read More...
19-Oct-2022
ပုသိမ်ခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းဆင်းပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးဖွင့်လှစ်သည့် ပုသိမ်ခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းအမှတ်စဉ် (၅/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့ညနေပိုင်းက တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ခရိုင်အဆင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းပေးခြင်းကို  ပထမအသုတ်အနေဖြင့်သင်တန်းသား/သူ (၂၀၅)ဦးသင်တန်းဆင်းပေးခဲ့ပြီး ယခုအခါ ဒုတိယအသုတ်အနေဖြင့် ပုသိမ်ခရိုင်တွင် သင်တန်းသား/သူ (၁၁၅) ဦး၊ ဟင်္သာတခရိုင်တွင် သင်တန်းသား/သူ (၄၀) ဦးနှင့်မြောင်းမြခရိုင်တွင် သင်တန်းသား/သူ (၄၃)ဦး၊ စုစုပေါင်း သင်တန်းသား/သူ (၁၉၈) ဦးအား အောင်မြင်စွာ သင်တန်းပေးနိုင်ခဲ့ပြီးဖြစ်၍ ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊အရည်အချင်းပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် များကို လိုအပ်ချက်နှင့်အညီ မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များအနေဖြင့် တိုင်းဒေသကြီးအတွင်း ကျန်းမာရေးလိုအပ်ချက်ရှိသည့်နေရာဒေသများရှိ ပြည်သူများအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် မိမိတို့သင်ယူတတ် မြောက်ထားသည့် ပညာရပ်များအား လက်တွေ့နှင့်စာတွေ့ပေါင်းစပ်၍ ပြည်သူများ အားကိုးရသည့် ကျန်းမာရေးဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန်တိုက်တွန်းလိုပါကြောင်း”ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  သင်တန်းတွင် ထူးချွန်ဆုရရှိသူများအားဆုချီးမြင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသား၊ သင်တန်းသူများ၏ကိုယ်စား သင်တန်းသားတစ်ဦးနှင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း  သင်တန်းဆင်းအောင်လက်မှတ်များအား သင်တန်းသား၊သင်တန်းသူများ၏ကိုယ်စား သင်တန်းသူတစ်ဦးတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသိရသည်။


Read More...
19-Oct-2022
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ပြဇာတ်ကြီးတပ်စု) ဖျော်ဖြေပွဲကြည့်ရှုအားပေး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(ပြဇာတ်ကြီးတပ်စု)က ပြဖျော်ဖြေပွဲကို အောက်တိုဘာလ (၁၈) ရက်နေ့ညပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များနှင့်၎င်းတို့၏မိသားစုဝင်များနှင့် ဒေသခံပြည်သူပွဲကြည့်ပရိတ်သတ်များတက်ရောက်အားပေးကြပါသည်။ ဦးစွာ စစ်သည်၊ စစ်သမီးများမှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကပြမှုများ၊ မျက်လှည့်လက်လှည့်တင်ဆက်မှုများ၊ တစ်ခန်းရပ်ဟာသ တင်ဆက်မှုများနှင့် အငြိမ့်တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ စစ်သည် စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းနှင့် ဆုတော်ငွေများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


Read More...
19-Oct-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်းမီးလောင်မှုဖြစ်ပွားခဲ့မှုများနှင့် သန့်ရှင်းရေးလုပ်ငန်းများ၊ ယာယီစာသင်ခန်းများဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး
မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယခုလ (၁၆)ရက်နေ့ နံနက်ပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ညနေပိုင်းတွင်သွားရောက်အားပေးကြည့်ရှု ခဲ့ပါသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ခဲ့၍ မီးလောင်မှုဖြစ်ပွားခဲ့သည့် စာသင်ဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ယာယီစာသင်ခန်းများပြင်ဆင်ထားရှိသည့် မြို့တော်ခန်းမ၊ အားကစားခန်းမများသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကာ ကျောင်းသားကျောင်းသူများစိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေး၊ စာရေးကိရိယာများ၊ ကျောင်းသုံးပရိဘောဂပစ္စည်းများ ပြည့်စုံမှုရှိစေရေး ပြင်ဆင်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအားတွေ့ဆုံမှာကြားခဲ့ပါသည်။ ယာယီစာသင်ဆောင်များပြင်ဆင်ပြီးစီးပြီဖြစ်၍  ကျောင်းများပြန်လည်ဖွင့်လှစ်သည့် ယနေ့တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ကျောင်းတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရှိရပါသည်။


Read More...
19-Oct-2022
2025 Ayeyarwady Division