၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “ တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ် စိတ်ကြိုက်သီချင်း သီဆိုမှုကို ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အုပ်စု (C) ပြိုင်ပွဲဝင် ချိုမီမီဇော်နှင့် အုပ်စု (E) ပြိုင်ပွဲဝင် ဇင်သူသူထွန်းတို့သည် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် စိတ်ကြိုက်သီချင်းများဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ပြဋ္ဌာန်းတေးသီချင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်၌ ဧရာဝတီတိုင်းဒေသကြီးမှ MF06 ဇင်သူသူထွန်း၊ MF07 ချိုမီမီဇော်တို့က ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး The Ensemble တေးဂီတအဖွဲ့မှ တီးခတ်သွားမည်ဖြစ်သည်။ ပထမပွဲစဉ် အုပ်စုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖွဲ့၏ အမှတ်ပေးမှုဖြင့် ဆောင်ရွက်ခဲ့သော်လည်း ဒုတိယအဆင့်နှင့် တတိယအဆင့် ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များ အမှတ်ပေးမှုအပြင် ပရိသတ်များအနေဖြင့် MPT နှင့် Mytel SIM Card များကို အသုံးပြု၍ Voting မဲပေးနိုင်မည်ဖြစ်ရာ MPT Sim Card များမှ ကုဒ်နံပါတ် 7522 သို့လည်ကောင်း၊ Mytel Sim Card များမှ ကုဒ်နံပါတ် 7525 သို့လည်းကောင်း SMS ဖြင့် ပြိုင်ပွဲဝင်၏ MF နံပါတ်ကို ရိုက်နှိပ်၍ Voting Time သတ်မှတ်ချိန်အတွင်း SMS ပေးပို့ခြင်းကို အရေအတွက် အကန့်အသတ်မရှိ ပေးပို့နိုင်ပါသည်။