ပုသိမ် ဩဂုတ် ၄
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှအိမ်ရှင်အဖြစ်လက်ခံ၍ ပုသိမ်မြို့၊ ကိုးသိန်း အားကစားခန်းမတွင် ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမျိုးသား/အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ တတိယနေရာလုပွဲများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်အမျိုးသား သုံးယောက်တွဲပြိုင်ပွဲ တတိယ နေရာလုပွဲစဉ်အဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင် ကစားနေမှုအားလည်းကောင်း၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း တို့က ပါဝင်ယှဉ်ပြိုင်နေကြခြင်းဖြစ်ပြီး ပြိုင်ပွဲများအား ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။