ပုသိမ် ဩဂုတ် ၂
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှအိမ်ရှင်အဖြစ်လက်ခံ၍ ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ဇူလိုင်လ ၃၀ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသား/ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားသုံးယောက်တွဲ အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားသည့် မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ကယားပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ အမျိုးသမီးသုံးယောက်တွဲ အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းအပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း တို့က ပါဝင် ယှဉ်ပြိုင်နေကြခြင်းဖြစ်ပြီး ပြိုင်ပွဲများအား ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရသည်။