ပုသိမ် ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကိုပြုလုပ်ခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် အခြေခံပညာ ကျောင်းဖွင့်လှစ်မှု၊ ကျောင်းတက်ရောက်မှုများပြားသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်သော တာဝန်ရှိသူများက နှစ်စမှပင်ရည်မှန်းချက်ထားဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပွဲမှရရှိခဲ့သည့် ရလဒ်များကို အကောင်အထည်ဖော်သွားရန်နှင့် ဘက်စုံပညာရေး စနစ်အား အကောင်အထည်ဖော်နိုင်ရန် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်နိုင်မှုသည် အလွန် အရေးပါသော အခန်းကဏ္ဍမှ ရပ်တည်နေပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြရန်” အမှာစကားပြောကြားခဲ့ပါသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း(Grade-12)အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ စုစုပေါင်း(၂၆၀)ဦးက ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားအောင် ဆောင်ရွက်ခဲ့သည့်အစီအမံများ၊ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း မြင့်မားရေးအတွက် စိစစ်လေ့လာ ဖော်ထုတ်ချက်အားဆွေးနွေးခြင်း၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆက်လက် ဆောင်ရွက်မည့်အစီအမံများအား ဆွေးနွေးခြင်း၊ မှတ်တမ်းပြုစုတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲယှဉ်ပြိုင်နေမှု များအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်အဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှု၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားမှု၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ တတိယနေရာပြိုင်ပွဲ အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားမှုများအား ကြည့်ရှုအားပေးခဲ့သည်။၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး ပြိုင်ပွဲများကို ယခုလ ၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။