ပုသိမ် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း ယခုထက်ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးနွေစပါးဧက(၅၂)သိန်းကျော်နှင့် ပဲမျိုးစုံဧက(၁၆)သိန်းကို စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် ဆောင်ရွက်ရာတွင် မြေပဲ၊ နှမ်း၊ နေကြာ အစရှိသည့် ဆီထွက်သီးနှံများအပြင် ပဲပုတ်သီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပါေကြာင်း၊ ဆီထွက်သီးနှံများကြိတ်ခွဲရန်အတွက် ဆီကြိတ်ခွဲစက်များလည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုနှစ်သည် မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများအတွက် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ပီလောပီနံကိုလည်း တိုင်းဒေသကြီး၏ ထုတ်ကုန်အမယ်သစ်အဖြစ် တိုးချဲ့ စိုက်ပျိုးထုတ်လုပ်တင်ပို့ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီဟို၊ ရာဘာ စသည့် နှစ်ရှည်ပင်စိုက်ပျိုးခြင်းများအား ရည်မှန်းချက်များအောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရာဘာစိုက်ပျိုးထုတ်လုပ်ရာတွင် ကုန်ကြမ်းအရည်အသွေးများပြည့်မီစေရေးအပြင် ကုန်ကြမ်းများမှ ကုန်ချော ထုတ်လုပ်နိုင်သည်အထိ နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများရှိပါကလည်း တင်ပြဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက စိုက်ဧကပြည့်မီရေး၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ဆီဖူလုံမှုရှိစေရေး၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများကိုလည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဒုတိယမန်နေဂျာက စိုက်ပျိုးစရိတ်ချေးငွေများ၊ ချေးငွေဆိုင်ရာ စည်းမျည်းစည်းကမ်းများကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ပဲပုတ်ကြိတ်စက်၊ ဆီသန့်စက်များအား ဝယ်ယူနိုင်မည့်အခြေအနေများကိုလည်းကောင်း၊ မြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးက ပဲပုတ်ဧက(၁)သိန်း စိုက်ပျိုးဆောင်ရွက်ရန်အတွက် မြေယာစုဖွဲ့ဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက စိုက်ဧကပြည့်မီရေး၊ ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားမည့်အခြေအနေများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးက တိုင်းဒေသကြီးပြင်ပသို့ နေ့စဉ်ဆန်တင်ပို့မှု၊ ဧရာဝတီပေါ်ဆန်း မူပိုင်ခွင့်ရရှိရေးဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက တိုင်းဒေသကြီးအတွင်းမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ နို့စားနွား၊ အသားတိုးကြက်၊ ဥစားဘဲ၊ အသားတိုးဝက် အစရှိသည့် မွေးမြူရေး ထုတ်ကုန်များထုတ်လုပ်တင်ပို့နေမှုများကိုလည်းကောင်း၊ ဆားလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူးက ဆားထုတ်လုပ်မှုဧကနှင့် ဆားထုတ်လုပ်သည့်နေရာဒေသ၊ ဆားထွက်ရှိမှုတန်ချိန်များကိုလည်းကောင်းရှင်းလင်း ဆွေးနွေးခဲ့ကြပြီးနောက် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်း၊ တိုင်းဒေသကြီး ပီလောပီနံအသင်း၊ တိုင်းဒေသကြီး ဆီစက်လုပ်ငန်းများအသင်း၊ တိုင်းဒေသကြီး ဆားေတာင်သူများအသင်း၊ တိုင်းဒေသကြီးဆားစက်လုပ်ငန်းရှင်၊ တိုင်းဒေသကြီးအတွင်း ရာဘာ၊ သီဟိုဠ်စိုက်ပျိုးထုတ်လုပ်သူများ၊ တိုင်းဒေသကြီးအတွင်း ပဲပုပ်စိုက်တောင်သူ၊ တိုင်းဒေသကြီးအတွင်း ဝါးကိုယ်ပိုင်စိုက်ခင်းပိုင်ရှင်မှ ဝါး Value added ထုတ်လုပ်မှုများ၊ ကြိမ်၊ ဝါး၊ ဗေဒါလုပ်ငန်း၊ ထူးထက်ဟန်ဝက်မွေးမြူရေးလုပ်ငန်း၊ Top Dairy Farm Co.,ltd ၊ တိုင်းဒေသကြီးအတွင်း ငါး၊ ပုစွန် မွေးမြူထုတ်လုပ်သူများက သက်ဆိုင်သည့် ကဏ္ဍများအလိုက် ဆက်လက်ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် Orchard ကုမ္ပဏီလိမိတက်မှစိုက်ပျိုးထားရှိသည့် ဝါးကုန်ကြမ်းများမှထုတ်လုပ်ထားသည့် တန်ဖိုးမြှင့် ဝါးထုတ်ကုန်များ၊ ငါးမွေးမြူရေးကန်တွင် မွေးမြူထားသည့် သဘာဝငါးကျည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။