ပုသိမ် ဇူလိုင် ၃၀
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၃) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစား ကွင်းတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ် ချက်များသည် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာ စေပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက်ဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းသည် မြန်မာ့ရိုးရာခြင်းလုံးကစားလေ့ရှိကြသည့် မြန်မာလူမျိုးများ အတွက် ကျွမ်းဝင်ပြီးသားအားကစားနည်းဖြစ်ပြီး နေရာအကျယ်အဝန်းများများမလိုအပ်ဘဲ ခြင်းလုံးနှင့် ပိုက်ရှိလျှင် အလွယ်တကူကစားနိုင်သည့် ကစားနည်းဖြစ်သောကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်တစားကစားနေကြသည့် အားကစားနည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်“အဖိုးနည်းဝန်ပါ သင်ကျန်းမာဘို့ ပိုက်ကျော်ခြင်းကစားကြစို့”ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးအတွက်ဖြစ်စေ၊ အားကစား အတွက်ဖြစ်စေ လေ့ကျင့်ယှဉ်ပြိုင်ကစားနိုင်သည့် အားကစားနည်းလည်း ဖြစ်ပါကြောင်း၊ ယနေ့ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားမောင်/မယ်များသည် မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်း အောင်နိုင်ရေးအတွက်မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် အနိုင်မခံအရှုံးမပေးဘဲ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်သွားကြရန်လိုပါကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် မြန်မာ့လက်ရွေးစင်အသင်းကို အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား ကောင်းများ ဖြစ်လာအောင်လည်းကြိုးစားသွားကြစေလိုကြောင်း” တိုက်တွန်းပြောကြားပြီး ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲအသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ် အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းအပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း တို့က ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအား ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။