ပုသိမ် ဇူလိုင် ၂၄
အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက ဧရာဝတီတိုင်းေဒသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မကျီးချောင်းဘေးတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အကြိုအထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းရှိဒီရေတောများ၏ ဂေဟစနစ်၊ စီးပွားရေးနှင့် လူမှုရေးအခန်းကဏ္ဍအလိုက် အရေးပါမှုနှင့် ၎င်းတို့အား စနစ်တကျရေရှည် တည်တံ့သောစီမံခန့်ခွဲရေး၊ ထိန်းသိမ်းရေးနှင့် အသုံးချရေး အရေးကြီးပုံကို သတိပြုမိစေရန်ရည်ရွယ်၍ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အထွေထွေညီလာခံမှ အပြည်ပြည်ဆိုင်ရာဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်နှစ်စဉ် ဇူလိုင်လ ၂၆ ရက်နေ့အား အတည်ပြု သတ်မှတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်ဇူလိုင်လ ၂၆ ရက်နေ့ မှစ၍ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ဒီရေတောများသည် ကုန်းမြေနှင့် ပင်လယ်ကြားတွင် ဆက်စပ်ပေးသည့် ဂေဟစနစ်လည်းဖြစ်ပါကြောင်း၊ ဂေဟစနစ်မျိုးစုံ တွေ့ရှိရခြင်းကြောင့် ၎င်းတို့မှပံ့ပိုးပေးနေသည့် ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကိုလည်း ရရှိခံစားရပါကြောင်း၊ ထို့ကြောင့် သစ်တောသယံဇာတဂေဟစနစ်များနှင့်အတူ ကမ်းရိုးတန်း ဂေဟစနစ်များကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါေကြာင်းနှင့် ထိုကဲ့သို့ ထိန်းသိမ်းဆောင်ရွက်မှသာလျှင် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဧရာဝတီတိုင်းဒေသကြီး အတွင်း ဒီရေတောစိုက်ခင်း (၉၄၀၀)ဧက၊ ဒီရေတောကျေးရွာထင်းစိုက်ခင်း (၂၆၁၆)ဧကတို့ကိုတည်ထောင်စိုက်ပျိုးခဲ့ပါကြောင်း၊ ယခုနှစ်မိုးရာသီတွင်လည်း ဒီရေတောစိုက်ခင်း (၁၄၀၀)ဧကနှင့် ဒီရေတောကျေးရွာထင်းစိုက်ခင်း (၇၅၀)ဧက တို့ကိုစိုက်ပျိုးတည်ထောင်ထားရှိပြီးဖြစ်ပါကြောင်း၊ လေပြင်းမုန်တိုင်းနှင့် ဆူနာမီကဲ့သို့ ရေလှိုင်းဒဏ်နှင့် ကမ်းပါးပြိုရေတိုက်စားခြင်းတို့မှ ကာကွယ်ပေးခြင်းဖြင့် ဒီရေတောများသည် လူတို့၏နေ့စဉ်ဘဝအတွက် အထောက်အကူပြုလျက်ရှိပါကြောင်း၊ ဒီရေတောသစ်မျိုးများသည် ကာဗွန်ဒိုင်အောက်ဆိုက်ကို လေထဲမှစုပ်ယူပြီး အောက်ဆီဂျင်လွှတ်ထုတ်ပေးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ကိုမြေပေါ်သာမကမြေအောက်တွင်ပါ ပိုမိုစုပ်ယူ ထားနိုင်ခြင်းတို့မှာ အဖိုးမဖြတ်နိုင်သောအထောက်အကူများဟုပင်ဆိုရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ဒီရေတောများထိန်းသိမ်းခြင်း၊ စိုက်ပျိုးတည်ထောင်ခြင်းကိုအကောင်အထည်ဖော်နေသကဲ့သို့ တစ်ဖက်တွင်လည်းလူသားတို့၏ လူမှုအကျိုးစီးပွားဆိုင်ရာလုပ်ဆောင်ချက်များကြောင့် ဒီရေတောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးအားလုံးကနည်းမျိုးစုံဖြင့် ထိန်းသိမ်းကာကွယ်ကြရန် လိုအပ်လာသည့်အတွက် ဒီရေတောများ စိုက်ပျိုးခြင်း၊ ဒီရေတောထိန်းသိမ်းခြင်းလုပ်ငန်းများကို တတ်အားသရွေ့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ မဒမနှင့် အုန်းပင် စုစုပေါင်း (၁၄၀၀)ပင်တို့ကိုစိုက်ပျိုးပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ၊ ပြင်အလန်းကြိုးဝိုင်း၊ အကွက်အမှတ်(၇၆)တွင် ဒီရေတောပျိုးပင်(၁၃၀၀) ပင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်း ကျေးရွာအုပ်စု၊ ငွေသဇင်(၂)ကျေးရွာတွင်ဒီရေတောပျိုးပင်(၈၅၀) ပင်၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ်(၆၂)တွင် ဒီေရတောပျိုးပင်(၁၂၁၀)ပင်၊ စုစုပေါင်းဒီရေတောပျိုးပင် (၃၃၆၀)ပင်ကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။