ပုသိမ် မေ ၂၃
၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးလှေလှော်အသင်းနှင့် ဘော်လီဘောအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းတွင် ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းအုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား၊ အမျိုးသမီးဘော်လီဘောအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများကိုလည်းကောင်း တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား၊ အမျိုးသမီးလှေလှော်အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများကိုလည်းကောင်း တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီး အသင်းအုပ်ချုပ်သူများက မိမိတို့အသင်းများနှင့်ပတ်သက်၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုများ၊ ပြိုင်ပွဲများမှရွေးချယ်၍ အကောင်းဆုံးပြင်ဆင်မှုများနှင့် အောင်ပွဲများရယူမည်ဖြစ်ကြောင်းတင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“ မိမိတို့တိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်သောကြောင့် လှေလှော်ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့ကြောင်း၊ လှေလှော်ပြိုင်ပွဲသည် မိမိတို့တိုင်းဒေသကြီး၏ အားထားရသောအားကစားနည်းဖြစ်ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရေး အစောဆုံးလေ့ကျင့်ပြင်ဆင်ခဲ့ကြောင်း၊ ဘော်လီဘောအသင်းအနေဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ စည်းလုံးညီညွတ်မှုတို့နှင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကြရန် လိုပါကြောင်း၊ အားကစားပြိုင်ပွဲများသည် တစ်ဦးတစ်ယောက်ချင်းကောင်းမွန်၍မရဘဲ အသင်းလိုက် စည်းလုံးညီညာစွာဖြင့် တက်ညီလက်ညီ စုပေါင်းယှဉ်ပြိုင်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း ယှဉ်ပြိုင်ခဲ့သောပြိုင်ပွဲများမှ အားနည်းချက်များကိုပြင်ဆင်၍ စနစ်တကျပြင်ဆင်လေ့ကျင့် ကာ အောင်ပွဲများရယူရန်လိုပါကြောင်း၊ အားကစားသမားများအနေဖြင့် လေ့ကျင့်သားပြည့်ဝအောင် လေ့ကျင့်ပြီး ကြိုးစားအားထုတ်မှု၊ ယုံကြည်ချက်၊ ခံယူချက်များဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယများ စိုက်ထုတ်ကာယှဉ်ပြိုင်ပါက အောင်မြင်မည်ဟုယုံကြည်ပါကြောင်း၊ အားကစားအသင်းများ အနေဖြင့် အောင်ပွဲများရယူပြန်လာမည်ကိုစောင့်ကြိုလျက်ရှိပါကြောင်းနှင့် လိုအပ်မှုများရှိပါက အုပ်ချုပ်သူ၊ နည်းပြများမှ တစ်ဆင့်တင်ပြကြရန်နှင့်လိုအပ်သည်များကိုလည်းဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ”အားပေးစကားများပြောကြားကာ တိုင်းဒေသကြီးကိုယ်စားပြု လှေလှော် အသင်းနှင့် ဘော်လီဘောအသင်းတို့အား အောင်နိုင်ရေးအလံနှင့်ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။