ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမတွင်ပြုလုပ်သော ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စိုက်သူ၊ကြိတ်သူ၊ ရောင်းဝယ်သူတို့ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားတက်ရောက်

ပုသိမ်   မေ   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မြို့နယ် (၄)မြို့နယ် ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များနှင့် တောင်သူများ တက်ရောက်ခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌတို့က ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဘင်ခရာအဖွဲ့၊ ကရင်ဒုံးယိမ်းအဖွဲ့နှင့် အိုးစည်ဒိုးပတ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်တို့မှ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော အရည်အသွေးမြင့် ပေါ်ဆန်းဆန်၊ ပေါ်ဆန်းစပါးများနှင့် ပေါ်ဆန်းထမင်းများ၏ အနံ့၊ အရသာ၊ အရည်အသွေး ကောင်းမွန်မှုများအားကြည့်ရှုခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က “ ဧရာဝတီတိုင်းဒေသကြီးသည် စပါးစိုက်ဧကအများဆုံးတိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီဟုတင်စားရသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊  ဆန်စပါးထုတ်လုပ်မှုသည် တိုင်းပြည်၏ စားရေရိက္ခာအတွက်သာမက လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာ အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ဆန်စပါးသည် ပြည်တွင်းစားသုံးရုံမျှမက ပြည်ပပို့ကုန်တစ်ခုအနေဖြင့် နိုင်ငံ၏အရေးပါသည့်စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်ပါ‌ကြောင်း၊ ပေါ်ဆန်းစပါးစိုက်ပျိုးရာတွင် စိုက်ပျိုးရေးပညာရှင်များက သုတေသနပြုလုပ်ကာ တောင်သူများအား အသိပညာပေးဆောင်ရွက်ရေး၊ ဧရာဝတီပေါ်ဆန်းဆန်အရည်အသွေးကောင်းမွန်၍ နိုင်ငံတကာဆန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် ‌ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေတောင်သူများဖြစ်ပြီး နိုင်ငံတော်အစိုးရမှ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးပညာရှင်းများမှ တောင်သူများ၏ စိုက်ခင်းများအရောက် ကွင်းဆင်းပညာပေးရေး၊ မိုးစပါးစိုက်ပျိုးရာတွင် သစ်စိမ်းမြေဩဇာထည့်သွင်းစိုက်ပျိုးရေး၊ ဆန်းစပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ ဆန်စပါးကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များ ဆွေးနွေးအကောင်အထည်ဖော်‌ေဆာင်ရွက်ကြရမည်ဖြစ်‌ကြောင်း" ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က " ယခုနှစ် မတ်လတွင် ကျင်းပခဲ့သည့်  တောင်သူလယ်သမားနေ့ ဆွေးနွေးပွဲနှင့် ပေါ်ဆန်းဖိုရမ် ၂၀၂၅ မှ ဆွေးနွေးပွဲရလဒ်များစွာ ပေါ်ထွက်ခဲ့ပါကြောင်း၊ ဖျာပုံခရိုင်အနေဖြင့် ယင်းဆွေးနွေးပွဲရလဒ် များအပေါ် အကျိုးရှိစွာ  အကောင်အထည်‌ေဖာ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  တောင်သူများ အနေဖြင့် ပေါ်ဆန်းစပါးစိုက်ပျိုးရာတွင် လိုအပ်သည့်နည်းပညာနှင့် မျိုးကောင်းမျိုးသန့်များကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ စိုက်ပျိုးရေးပညာရှင်များနှင့်  ဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ ပေါ်ဆန်းစပါးမျိုး၏ မူရင်းဌာနေသည် ဧရာဝတီတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ဖျာပုံမြို့နယ်အတွင်း အရည်အသွေးကောင်းမွန်ပြီး အထွက်ကောင်းသော ပေါ်ဆန်းထွက်ပေါ်လာစေရေးအတွက် ပေါ်ဆန်းစပါးစိုက်တောင်သူများ၊ တန်ဖိုးကွင်းဆက် တစ်လျှောက် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပြီး တောင်သူများ ပေါ်ဆန်းစပါးကို တွင်ကျယ်စွာ စိုက်ပျိုးကြရန်နှင့် လိုအပ်သည့်နည်းပညာများ ပြန့်ပွားစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းပြီး အနံ့၊ အရသာနှင့် အရည်အသွေးကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပေါ်ဆန်းဖိုရမ်ကို အခြေခံပြီး အရည်အသွေးပြည့်မီသော ဒေသထွက်ပေါ်ဆန်းဆန်များထွက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ဘက်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ” ပြောကြားခဲ့သည်။ 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပေါ်ဆန်းဖိုရမ် ၂၀၂၅ ရလဒ်များအားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏သုတေသနအရာရှိက ဌာနမှဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများအား လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌက ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များကိုလည်းကောင်းရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ငလျင်ဘေးသင့်ဒေသများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဒေသကော်မတီ(၅)ဥက္ကဌမှ အလှူငွေကျပ်သိန်း(၁၀၀)ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က နိဂုံးချုပ်အမှာစကား ‌ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တွေ့ဆုံခဲ့သည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က “ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ်အတန်းစဉ်ကူးပြောင်းစေ‌ေရးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းဖွင့်ကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့်အခြေခံပညာကျောင်းများရှိ စာသင်ဆောင်များ၊ စာရေးခုံများ ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ‌ေကာင်းမွန်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီများ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရပ်ဝေးမှ လာရောက်တာဝန်ထမ်း‌ဆောင်ကြသည့် ဆရာ၊ ဆရာမများအတွက် နေထိုင်စားသောက်မှုများ အဆင်ပြေစေရေး အတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်‌ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း တပည့်များ၏ အနာဂတ်ဘဝများ တိုးတက်အောင်မြင်စေရေးအတွက် စေတနာထား သင်ကြားပြသပေးကြရမည်ဖြစ်ကြောင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်စေရေး၊ ပညာသင်ကြားနိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” အမှာစကားပြောကြားခဲ့ပြီး မအူပင်ခရိုင်ပညာရေးမှူး၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ပန်းတနော် မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ တင်ပြချက်များအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍  ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုရာ စပါးခွံလောင်စာသုံး boiler နင့် turbine အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေးလုပ်ငန်းခွင်အတွင်း စပါးခွံသိုလှောင်ထားရှိမှု အခြေအနေများ၊ ပိုက်လိုင်းများတပ်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ Gasifier control room တွင် gasifier နှင့် gas purification system တို့ကို computer control system ဖြင့် ထိန်းချုပ်လည်ပတ်၍ လျှပ်စစ်ဓါတ်အားစမ်းသပ်ထုတ်လုပ်နေမှု၊ ဇီဝလောင်စာသုံး Biomass စပါးခွံ အသုံးပြု၍ Steam Turbine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့်စက်ရုံတွင် Steam Turbine နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု၊ ရွှေလောင်းဆိပ်ကမ်းတွင် စပါးခွံလှေများ၊ ကျောက်သင်္ဘောများ ရောက်ရှိ၍ ကုန်ချနေသည့်အ‌ေခြအ‌ေနများ၊ ငါးအသားလွှာ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အေးခဲခြင်းစက်ရုံနှင့် automated cold storage warehouse တို့တွင် စက်ပစ္စည်းတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးမှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

17-May-2025
2025 Ayeyarwady Division