ပုသိမ် မေ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အောက်ကွင်းကြီးမျိုးသန့်ခြံတွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးသစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ(Drum Seeder) များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က “ ဧရာဝတီတိုင်းဒေသကြီးသည် စပါးစိုက်ဧကအများဆုံးတိုင်းဒေသကြီးဖြစ်ပြီး ရေခံမြေခံကောင်းမွန်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ယခင်က တောင်သူကြီးများ၏ စိုက်ဧကများတွင် ဓာတ်မြေဩဇာသုံးစွဲမှုများကြောင့် မြေဆီလွှာပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြေဆီလွှာများ ပြန်လည်ကောင်းမွန်ရေး၊ ဓာတ်မြေဩဇာများလျော့ချသုံးစွဲနိုင်ရေးအတွက် စိုက်ဧကများတွင် သဘာဝမြေဩဇာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးမြေဧကများစွာရှိသည့်အတွက် နိုင်ငံတော်အစိုးရမှ မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေးကိရိယာများ ပံ့ပိုးပေးအပ်ခြင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် တာတမံများ၊ ချောင်းကော၊ မြောင်းကောများတူးဖော်ခြင်းနှင့် ရေတံခါးများဆောင်ရွက်ပေးလျက်ရှိပြီး တောင်သူများမှလည်း စိုက်ပျိုးရေးပညာရှင်များနှင့်ပူးပေါင်း၍ စပါး ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးပညာရှင်များကလည်း တောင်သူများနှင့်တိုက်ရိုက်ထိတွေ့ ၍ စိုက်ပျိုးရေးအသိပညာရေးလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ကွင်းဆင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု၍ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများပိုမိုတိုးတက်အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ပျိုးရာသီအမီ ရေတော်မိုးတော်စိုက်ဧကအားလုံးတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များကို ထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်စိုက်ခင်း အစုအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းကြောင့် သွင်းအားစုကုန်ကျစရိတ်များကိုသက်သာစေပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သဖြင့် များစွာအကျိုးရှိပါကြောင်း၊ စပါးအထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ ကြဲခင်းစနစ်ပပျောက်ရေးရည်ရွယ်၍ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များနှင့် စိုက်ပျိုးရေးသုံးကိရိယာ(Drum Seeder) များကို ပေးအပ်ခြင်းဖြစ်ပြီး တောင်သူများမှလည်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဖျာပုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ မိုးစပါးစိုက်တောင်သူများအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့နှင့် စပါးမျိုးစေ့ချကရိယာ(Drum Seeder)များ ပေးအပ်ကာ အောက်ကွင်းကြီးမျိုးသန့်ခြံတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ကြဲပက်ခြင်းအား ကြည့်ရှုအားပေးခဲ့သည်။