ပုသိမ် မေ ၁၆
၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုေပးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များသည် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဥ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် ကျုံပျော်ခရိုင်အသင်းယှဉ်ပြိုင်မှုကိုလည်းကောင်း၊ အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဥ်အဖြစ် ပုသိမ်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းယှဉ်ပြိုင်မှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပါသည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပုသိမ်ခရိုင်အသင်းမှ အားကစားသမားများအား ဆုဆွဲပြားနှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မြောင်းမြခရိုင်အသင်းမှ အားကစားသမားများအား ဆုဆွဲပြားနှင့် ငွေသားဆုများကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျုံပျော်ခရိုင်အသင်းမှ အားကစားသမားများအား ဆုဆွဲပြား၊ ငွေသားဆုနှင့် ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်းမှ အားကစားသမားများအား ဆုဆွဲပြား၊ ငွေသားဆုနှင့် ဆုဖလားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်ကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြပြီး ဆုရရှိသောအားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက်ခဲ့ကြသည်။