ပုသိမ် မေ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာရှိ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံသို့ေရာက်ရှိ၍ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံ(လပွတ္တာ) တာဝန်ခံက ကျွဲမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ မျိုးဖြန့်ဖြူးရောင်းချမှု၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးရန်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျွဲမွေးမြူရေးခြံ ဆောက်လုပ်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံမှ ခိုင်းကျွဲများ တိုးတက်မွေးမြူထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်၊ ခိုင်းကျွဲ၊နွား အစာထုတ်လုပ်ကျွေးမွေးခြင်း ပညာပေးလုပ်ငန်းများဆောင်ရွက်ရန်၊ ကျွဲကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတိုးမြှင့်ဆောင်ရွက်ရန်၊ ခိုင်းကျွဲမျိုးပွား၊ မျိုးထိန်းသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကျွဲမွေးမြူရာတွင် စာကျက်မြေနေရာသည် အရေးကြီးသောကြောင့် လွှတ်ကျောင်းနိုင်သည့် စာကျက်မြေနေရာများ ရရှိရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ရေကိုလုံလောက်စွာရရှိရေး ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်သွားရန်" မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လပွတ္တာမြို့နယ် တက်စ်ကမ်မရိန်းလပွတ္တာလီမီတက်သို့သွားရောက်၍ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ကုမ္ပဏီဆိုင်ရာအချက်အလက်များ၊ ကဏန်းပျော့မွေးမြူထုတ်လုပ်ပုံအဆင့်ဆင့်၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးေဆာင်ရွက်ထားရှိမှုများ၊ ပိုးသတ်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်ခြင်းများ၊ နှစ်စဉ်ကုန်ပစ္စည်းတင်ပို့ရောင်းချမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကဏန်းပျော့ မွေးမြူ၊ ထုတ်လုပ်ပုံအဆင့်ဆင့် ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က ကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှု၊ ကုန်ကြမ်းရရှိမှု ဈေးကွက်သို့တင်ပို့ဖြန့်ဖြူးမှုအခြေအနေများအား မေးမြန်းခဲ့ရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားခဲ့ပါသည်။ ထို့နောက် လပွတ္တာမြို့နယ်အတွင်းရှိ အအေးခန်းစက်ရုံများနှင့် ငါး၊ ပုဇွန်၊ ကဏန်း လုပ်ငန်းရှင်များမှ မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက လက်ခံခဲ့ပါသည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စူပါရွှေကဏန်းမွေးမြူရေးလုပ်ငန်းသို့ သွားရောက်၍ ကဏန်းမွေးမြူရေးကန် ၁ ကန်လျှင် ၄ ဧကဖြင့် ကန် ၈ ကန်တွင် ကဏန်းပျော့မွေးမြူ၊ ထုတ်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသည့် လုပ်ငန်းငယ်များ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသူများအား ပံ့ပိုးဆောင်ရွက်ပေးမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုများအားရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ရွေးမြစ်နှင့် ပြာမလော့မြစ် အကြားတွင် တည်ဆောက်ရေး(၉)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေငန်တားတာများ တည်ဆောက်ခြင်းစီမံကိန်းနှင့် မြစ်ကြိုးကြီးရေတံခါး (၆ပေ×၆ပေ) ၄ပေါက် တည်ဆောက်ခြင်းလုပ်ငန်းေဆာင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရေငန်တားတာများ တည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ကျွန်းအပိုင်း(၄) ရေငန်တားတာတည်ဆောက်ခြင်း လုပ်ငန်း ထိပ်ဝအကျယ် ၁၂ ပေ၊ အလျားမိုင် ၂၅ မိုင်နှင့် ရေငန်ကာကွယ်ဧက ၈၀၀၀ ဧကကို အကျိုးပြုမည့် အခြေအနေများ၊ ရေငန်တားတာ တည်ဆောက်ခြင်းစီမံကိန်းလုပ်ငန်းများအား အပိုင်း(၉)ပိုင်းဖြင့် နှစ်အလိုက်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ရေငန်တားတာအပိုင်း ၂(က)နှင့် အပိုင်း(၄)ဆောင်ရွက်ပြီးစီးပါက နွေစပါးစိုက်ဧက (၇၇၀၀)တိုးတက်စိုက်ပျိုးနိုင်မည့် အခြေအနေများ၊ ရေငန်တားတာ အပိုင်း(၉)ပိုင်း အားလုံးဆောင်ရွက်ပြီးစီးပါက ရေငန်ကာကွယ် ဧက (၄၅၀၀၀) အား အကျိုးပြုမည်ဖြစ်ပြီး နွေစပါးစိုက်ဧက(၁၁၇၀၀) တိုးတက်ဆောင်နိုင်မည့် အခြေအနေများ၊ မိုးရာသီတွင်ကျွန်းပတ်တာ အတွင်းရှိ Borrow မြောင်းများနှင့် သဘာဝချောင်း၊ မြောင်းများ၌ရေချိုသိုလှောင်ပြီး မိုးစပါးအောင်ရေလုံလောက်စွာ ဖြည့်တင်းပေးနိုင်မည့်အခြေအနေများ၊ မိုးနှောင်းကာလတွင် အဆိုပါ Borrow မြောင်းများနှင့် သဘာဝချောင်းမြောင်းများ အတွင်း ကျန်ရှိသော ရေချိုများဖြင့် နွေစပါးနှင့်အခြားသီးနှံများ ရေချိုရရှိ၍ တစ်သီးစိုက်မှ နှစ်သီးစိုက်ပျိုးနိုင်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က စိုက်ပျိုးရာသီအမီ လုပ်ငန်းများပြီးစီးစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် တောင်သူများအား ရေငန်တားတာများ တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများ တိုးတက်စေရေး၊ ဒေသရေမြေနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးမှာကြားခဲ့ပြီး မြစ်ကြိုးကြီးရေတံခါး (၆ပေ×၆ပေ) ၄ပေါက် တည်ဆောက်ခြင်းလုပ်ငန်းေဆာင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။