ပုသိမ် မေ ၁၄
၂၀၂၅ခုနှစ်၊ သာသနာတော်ဆိုင်ရာ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မြို့မဆရာတော် ဘဒ္ဒန္တကောဝိဒ၏ “ ဂုဏဝိသိဋ္ဌ” ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်-ချောင်းသာကားလမ်း (၂၃)မိုင်ရှိ၊ အောင်ချမ်းသာတောရကျောင်းတွင်ကျင်းပခဲ့ရာ ပူဇော်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့သည်။
ဦးစွာ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ မြို့မဆရာတော် ဘဒ္ဒန္တကောဝိဒအား ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံလျက် “ ဂုဏဝိသိဋ္ဌ” ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပမည့် ဓမ္မာရုံသို့ ပင့်ဆောင်ခဲ့ကြသည်။ ယင်းနောက် အခမ်းအနားကို “ နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး“အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက”ဘွဲ့တံဆိပ်တော်ရ ပုသိမ်မြို့၊ မြို့မဓမ္မရိပ်သာကျောင်း ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ကောဝိဒမဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုခဲ့သည်။
ထို့နောက် မြို့မဆရာတော် ဘဒ္ဒန္တကောဝိဒအား တိုင်းဒေသကြီးဝန်ကြီးချုပ်က အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှတာဝန်ရှိသူများက အဘိဓဇအဂ္ဂမဟာမင်္ဂလဓမ္မဇောတိက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအားလည်းကောင်း ဆက်ကပ်ပူဇော်လှူဒါန်းခဲ့ကြပြီး “ဂုဏဝိသိဋ္ဌ”ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲသို့ ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်သူမြတ် များအား တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ပုသိမ်မြို့၊ မြောင်းမြကျောင်းတိုက်မှ စာချဆရာတော် ဘဒ္ဒန္တဝိဿုတဉာဏထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ ထို့နောက် “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက”ဘွဲ့တံဆိပ်တော်ရ ပုသိမ်မြို့၊ မြို့မ ဓမ္မရိပ်သာကျောင်း ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကောဝိဒ ဆရာတော်အရှင်သူမြတ်အား ပူဇော်ရေးအဖွဲ့များဖြစ်သည့် ဒေဝါဝင်း၊ ရာဇာဝင်းတို့ဖြင့် စေတီတော်အား လက်ယာရစ် လှည့်လည် ပူဇော်ပင့်ဆောင်ခဲ့ပြီး ဆရာတော်အရှင်မြတ်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ပြည်အေးခန်းမတွင်ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံတော်မှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ေထာက်ပံ့ငွေများပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများ၏ သားငယ်၊ သမီးငယ်များနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေး အတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်းနှင့် နေရပ်စွန့်ခွာပြည်သူ များအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ ကလည်း လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” အားပေးစကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေနှင့်ဆန်ရိက္ခာ ပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအား လူဦးရေစာရင်းကောက်ယူခြင်းနှင့် ထောက်ပံ့ငွေပေးအပ်နေမှုများ ကြည့်ရှုအားပေးခဲ့သည်။