ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

အများပြည်သူထံမှ တုံပြန်မှုရယူခြင်းအစီအစဉ် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း             အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း             ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ            

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၁၃၈၇နှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဇီဝိတဒါန(အဘယဒါန)ဘေးမဲ့ငါးလွှတ်ပွဲနှင့် မြန်မာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၁၇

၁၃၈၇ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန(အဘယဒါန)ဘေးမဲ့ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားမှူးက ဇီဝိတဒါန(အဘယဒါန)ဘေးမဲ့ငါးလွှတ်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ဖတ်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးများကို ငဝန်မြစ်အတွင်းသို့ တစ်ပြိုင်တည်း ဘေးမဲ့လွှတ်ကာကုသိုလ်ပြုခဲ့ပြီး အခမ်းအနားမှူးက ဆုတောင်း မေတ္တာများပို့သ၍ အခမ်းအနားကို “သာဓု”သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့သည်။ ဇီဝိတဒါန(အဘယဒါန)ဘေးမဲ့ငါးလွှတ်ပွဲကို သတ္တဝါများ ဘေးအန္တရာယ်ကင်းရှင်းပြီး အသက်ရှည်စွာ နေထိုင်ကြစေရန်၊ လူသားများတွင် သတ္တဝါများအပေါ် သနားတတ်သည့် ကရုဏာတရားများ ပိုမိုရှင်သန်လာပြီးနှလုံးသားတွင် စွဲမြဲကျန်ရစ်စေရန်၊ “ သဒိတံ ပါကံ ဇနေတိ ” မိမိပြုလုပ်သောကံ၏ တူညီသော အကျိုးကို ပေးနိုင်၏ဟူသောဗုဒ္ဓ၏ ဒေသနာတော်အတိုင်း သတ္တဝါများ အသက်ဘေးမှ ချမ်းသာရာရပြီး အသက်ရှည်စွာ နေနိုင်သလို ယနေ့လူသားများကလည်း အသက်ရှည်အနာကင်းပြီး ကျန်းမာချမ်းသာ နေနိုင်ကြစေရန်နှင့် ရှေးဘိုးဘွားအစဉ်အဆက် ပြုလုပ်လာသည့် ကောင်းမြတ်သော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို မပျောက်ပျက်ရလေအောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်၍ ငါးမြစ်ချင်းကောင်ရေ တစ်သိန်းနှင့် ရွှေဝါငါးကြင်း ကောင်ရေတစ်သိန်းတို့အား ဇီဝိတဒါ (အဘယဒါန) ကုသိုလ်ပြု လွှတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည့် မြန်မာနှစ်သစ်ကူးသက်ကြီးပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ အဘိုး၊အဘွားများအား နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ကန်တော့ပွဲအား နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုများ လျော့ပါးသွားသည့်နောက်ပိုင်းတွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား သာသနာ့ဗိမာန်တွင် စုပေါင်း၍ တစ်စုတစ်စည်းတည်း ကန်တော့နိုင်ခဲ့ပါကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက စုပေါင်း၍ကန်တော့ခြင်းဖြစ်ပါကြောင်း၊ ယနေ့သာသနာ့ဗိမာန်တော်ကြီးတွင် ဘိုးဘွားများအားစုစုစည်းစည်းဖြင့် ကန်တော့ခွင့်ရသည့်အတွက် များစွာဝမ်းသာကြည်နူးမိပါကြောင်း၊ မလာရောက်နိုင်သည့် ဘိုးဘွားများကိုလည်း အိမ်တိုင်ရာရောက်ကန်တော့သွားမည်ဖြစ်ပါကြောင်း၊ ကန်တော့ခံဘိုးဘွားများတွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားဘိုးဘွားများလည်း ပါရှိသကဲ့သို့ ရပ်ရွာများ၌ငယ်စဉ်ကပင်နေထိုင်ပြီး လူငယ်လူရွယ်များအား ဘာသာ သာသနာအကျိုးနှင့် လိုအပ်သည့်ပြည်သူ့နီတိများကို မိမိတို့အတွေ့အကြုံနှင့်ယှဉ်ကာ ပို၍မြင့်မားသည့်နေရာများရောက်အောင် သွန်သင်ဆုံးမခဲ့သူများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လူမှုရေးကိစ္စများအပါအဝင် လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဘိုးဘွားများအသက်ရာကျော်ရှည်၍ ဘာသာ၊ သာသနာအကျိုး သယ်ပိုးနိုင်ကြပါစေကြောင်းနှင့် နှစ်စဉ်နှစ်တိုင်းကျင်းပသည့် သက်ကြီးဘိုးဘွားပူ‌ဇော်ပွဲကို အသက်ရှည်စွာ ကျန်းမာချမ်းသာစွာ တက်ရောက်ကန်တော့ခံနိုင်ကြသည့် ဘိုးဘွားများဖြစ်ကြပါစေကြောင်း” ဆုတောင်းဂုဏ်ပြုစကား ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ပူဇော်ကန်တော့ခံ အဘိုး၊ အဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ကန်တော့ခံ အဘိုး၊ အဘွားတစ်ဦးချင်းစီအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများ လှူဒါန်းပေးအပ်သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော အဘိုး၊အဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ သက်ကြီးပူဇော်ပွဲ အခမ်းအနားအား “သာဓု”သုံးကြိမ် ခေါ်ဆိုရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိများသည် အဘိုး၊အဘွားများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကုသိုလ်ဖြစ်ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များက ခြေသဲ လက်သဲ ဖြတ်(ညှပ်)ပေးခြင်းများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ အဘိုး၊အဘွားများအား နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ကန်တော့ပွဲအခမ်းအနားတွင် ပုသိမ်မြို့ပေါ်ရှိ အသက်၈၅နှစ်နှင့်အထက်အဘိုးအဘွားများနှင့်စက်တော်ရာဘိုးဘွားရိပ်သာမှအဘိုးအဘွားများစုစုပေါင်း (၉၂၅)ဦးတို့အားပူဇော်ကန်တော့မည်ဖြစ်ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့်အဘိုးအဘွားများအား ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြပြီး မလာရောက်နိုင်သည့် ဘိုးဘွားများကိုလည်းအိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

17-Apr-2025
2025 Ayeyarwady Division