ပုသိမ် ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ကမ်းနားလမ်းတွင်ပြုလုပ်သော ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ” ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပုသိမ်ကမ်းနားလမ်းတွင် ဈေးရောင်းဈေးဝယ်များ၊ စက်လှေဆိပ်များ၊ ဆိပ်ခံတံတားများ များစွာရှိပြီး ကမ်းနားလမ်းမှာလည်း ကျဉ်းမြောင်းသည့်အတွက် ယာဉ်ကြောကြပ်တည်းမှုများ မကြာခဏ ဖြစ်ပေါ် ခဲ့ပြီး ယခုအခါလမ်းအဆင့်မြှင့်တင်ခြင်းများဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကမ်းနားလမ်း သာယာလှပစေရန်နှင့် ဒေသခံပြည်သူများအပန်းဖြေနိုင်ရေး၊ ပုသိမ်မြစ်ကမ်းပါးခိုင်မာမှုရှိစေရေးအတွက် ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားများကို ကမ်းနားလမ်းတစ်လျှောက်တွင် နှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး တည်ဆောက်နိုင်ခဲ့ကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်များတွင်လည်း ပုသိမ်ကမ်းနားလမ်း သာယာလှပရေးအတွက် တိုးချဲ့ဆိပ်ခံတံတား တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရေး ဝိုင်းဝန်းထိန်းသိမ်းသွားစေလိုကြောင်း”အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပုသိမ်ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား တည်ဆောက်မှုအခြေအနေများအား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ရှင်းလင်းတင်ပြခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များပေးအပ်ခဲ့ပါသည်။ ထို့နောက် ပုသိမ်ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ပုသိမ်မြို့ ကမ်းနားလမ်းတစ်ေလျှာက်ရှိ ကမ်းနားလမ်းဆိပ်ခံတံတားများကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်လျှက်ရှိရာ စုစုပေါင်းအလျား ၁၅၂၀ ပေ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ ကန်သုံးဆင့်ပန်းခြံတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပန်းခြံသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရေး အစဉ်တစိုက် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။