ပုသိမ် ဧပြီ ၁၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင် ဌာနဆိုင်ရာများ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများတက်ရောက်ခဲ့ကြပြီး မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးအနေဖြင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေးအတွက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီများကို လုပ်ငန်းတာဝန်များပေးအပ်ထားပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးတွင်စံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုတ် အစရှိသည့် ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ ခရိုင်နှင့်မြို့နယ်များအလိုက် စံပြစိုက်ခင်းများစိုက်ပျိုး၍ စံနမူနာပြဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုပါကြောင်းနှင့် သီးထပ်စွမ်းအားတိုးတက်စေရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပန်းတိုင် ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ၎င်းနှင့်ဆက်စပ်သည့် ထုတ်ကုန် လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများပါတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အဓိကသီးနှံကြီး(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်း ကြီးကြပ်မှု ကော်မတီများအနေဖြင့် ပြန်လည်သုံးသပ်တင်ပြရန်နှင့် စီမံချက်များ ရေးဆွဲတင်ပြရန် လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တိုင်းလုံးကျွတ် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) အပြည့်အဝထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်စိုက်ခင်းများအား တောင်သူများက အစုအဖွဲ့စနစ်များဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး စနစ်တကျရိတ်သိမ်း၍ မျိုးစေ့များစုဆောင်း ထားရှိစေရန်လိုပါကြောင်း၊ အစည်းအဝေးသို့တက်ရောက်လာသူများကလည်း ပန်းတိုင် အထွက်နှုန်းရောက်ရှိရေး ကိစ္စရပ်များကိုလည်း တင်ပြဆွေးနွေးကြရမည်ဖြစ်ပါကြောင်း”အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မှုများ၊ ၂၀၂၄-၂၀၂၅ ခုနှစ် နေကြာစံပြကွက်အထွက်နှုန်း နှိုင်းယှဉ်ဖော်ပြချက်၊ ၂၀၂၅- ၂၀၂၆ခုနှစ်၊ နေကြာပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်၊ ၂၀၂၄-၂၀၂၅ခုနှစ် ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)ရိတ်သိမ်းပြစီးမှု အခြေအနေများ၊ မြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ခုနှစ်၊ ဆီထွက်သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နှမ်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေ၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ နေကြာသီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် အစည်းအဝေးသို့တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်တက်မြင့်မားရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။