ပုသိမ် ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာအုပ်စု မရမ်းချောင်းကျေးရွာရှိ တောင်သူဦးမင်းဟိန်းနှင့်တောင်သူဒေါ်နန်းဝိုင်းတို့၏ စိုက်ပျိုးမြေ(၂၀)ဧကတွင် Super Sun 41 စပ်မျိုးဆီထွက်သီးနှံ(နေကြာ)စံပြကွက်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က" နေကြာစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးကြိုးပမ်း ဆောင်ရွက်ကြရန်၊ ပုသိမ်မြို့နယ်၏ နေကြာစံပြကွက်ဖြစ်သောကြောင့်အောင်မြင်ဖြစ်ထွန်းမှု၊ အပင်ကြီးထွားနှုန်းနှင့် အထွက်နှုန်းတိုးပွားရေး ဂရုစိုက်ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးရန်" မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာရှိ တောင်သူဦးနေစိုး၏ နွေစပါး(ထိုင်းနှံကောက်) စိုက်ခင်း ၅ ဧက စံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများအား " သီးနှံစိုက်စွမ်းအား တိုးမြှင့်လာရေး၊ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးရေး၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ် သီးနှံများကိုလည်း စိုက်ပျိုးကြရန်၊ တောင်သူများအနေဖြင့် ဝင်ငွေတိုးပွားအောင် စိုက်ပျိုးရေးအပြင် မွေးမြူရေးကိုလည်း တွဲဖက်လုပ်ကိုင်ကြရန်” မှာကြားကာ နွေစပါးရိတ်သိမ်းမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါနွေစပါးရိတ်သိမ်းရာတွင် အထွက်နှုန်း တစ်ဧကလျှင် အခြောက်(၁၄၅)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကျုံကြီးကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာရှိ ဦးခင်အောင်၏ ဘဲမွေးမြူရေးခြံသို့ သွာရောက်၍ ဘဲမွေးမြူနေမှုအခြေအနေများ၊ ဘဲသား ပေါက်များ မွေးမြူထားရှိမှုများ၊ ပျမ်းမျှဥနှုန်း၊ ဘဲဥဖြန့်ဖြူးနေမှုအခြေအနေများ၊ အစာကျွေးမွေးမှု၊ အစာ စျေးနှုန်းသက်သာအောင် ဆောင်ရွက်နိုင်ရေးနှင့် ဘဲဥများဈေးကွက်အတွင်း တင်ပို့ရောင်းချမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးပြီး ဈေးကွက်သို့ပိုမိုတင်ပို့ရောင်းချနိုင်ရေးနှင့် အကောင်ရေးတိုးချဲ့မွေးမြူနိုင်ရေး၊ ပြည်သူများထံသက်သာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ကြခတ်ချောင်ကျေးရွာရှိ ဦးဝေလင်းထွန်း၏ အသားတိုးဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးခြံတာဝန်ရှိသူတစ်ဦးက ရောဂါပိုးမွှားထိန်းချုပ်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများ၊ မွေးမြူထားရှိမှုများအား လိုက်လံရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စားသုံးသူများထံသို့ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး၊ ဆက်လက် တိုးချဲ့မွေးမြူရန်နှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်လျော့ချနိုင်ရေးအတွက် နည်းလမ်းများရှာဖွေဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ အမှတ်(၈)ရပ်ကွက်ရှိ ဦးမင်းအောင်၏ အသားတိုးကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစာကုန်ကြမ်းလိုအပ်ချက်များ၊ တိုင်း ဒေသကြီးအတွင်းမှ အစာကုန်ကြမ်းရရှိမှု၊ ပြင်ပမှတင်သွင်းရမှုအ ခြေအ နေများအား မေးမြန်းခဲ့ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များလျော့ချနိုင်ရေးဆောင်ရွက်ရန်၊ စားသုံးသူများထံသို့ သက်သာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာအဖြစ်ပြန်လည်အသုံးပြုနိုင်စေရေးတို့ကို မှာကြားခဲ့ပြီး ပိုးမွှားရောဂါကင်းရှင်းရေးအတွက် ပိုးသတ်ဆေးများ ပေးအပ်ခဲ့သည်။