ပုသိမ် ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် ကျန်းမာရေးမှူး-၄ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ချီးမြှင့်ခြင်းကို ယနေ့နေ့လည်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက "ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် ကျန်းမာရေးမှူး(၄) သင်တန်းဆင်းပွဲအခမ်းအနားသည် လူဦးရေ(၅.၅)သန်းကျော်ရှိသော ဧရာဝတီတိုင်းဒေသကြီး၏ ကျန်းမာရေး ကဏ္ဍအတွက် အားတက်စရာ နေ့တစ်နေ့ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စုစုပေါင်းလူဦးရေ၏ (၈၅) ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူလူထုဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်လာခြင်းအားဖြင့် ကျေးလက်နေ ပြည်သူလူထု၏ ကျန်းမာရေးမှာ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများသည် ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်အတွက် ကျန်းမာရေးအဆင့်မြှင့်တင်ခြင်းနှင့် ရောဂါများ မဖြစ်ပွားမီ ကြိုတင်ကာကွယ်တားဆီးရေးကို အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိပြီး တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဟူသော လူမှုရေး ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှချမှတ် ထားသော မူဝါဒများနှင့်အညီ အရည်အသွေးပြည့်ဝသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ လွှမ်းခြုံမှုမြင့်မားစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပြီး ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု လုပ်ငန်းများ၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများအပြင် ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း၊ မကူးစက်နိုင်သော ရောဂါများကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်းကုသခြင်းနဲ့ ညွှန်းပို့ခြင်းလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (SDGs) ပါ ရည်မှန်းချက်များနဲ့ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ရည်မှန်းချက်များ ပြည့်မီရေးတွင် အဓိကကျသော ပြည်သူ့ကျန်းမာရေးလုပ်ငန်းစဉ်များ တိုးတက်စေရန် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်သူ့ကျန်းမာရေး မြှင့်တင်ရေးအတွက် သင်တန်းဆင်း ကျန်းမာရေးမှူး(၄) သစ်လွင်များအနေနဲ့ အားသွန်ခွန်စိုက် မဆုတ်မနစ် သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့ ဆောင်ရွက်ကြစေလိုကြောင်း" အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျန်းမာရေးမှူး-၄ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ် ချီးမြှင့်ခြင်းရာ သင်တန်းဌာနအလိုက် သင်တန်းသားကိုယ်စားလှယ်များက လက်ခံရယူခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ (၄၁၀) ဦးကို သင်တန်းပေးခန့်ထားနိုင်ခဲ့ပြီး (၁၈-၉-၂၀၂၄) နေ့မှ စတင်၍ ကျန်းမာရေးမှူး(၄) သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ကျုံပျော်၊ မြောင်းမြ၊ ဟင်္သာတ၊ မအူပင်၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း မြို့များတွင် သင်တန်းဌာန (၇)ခု ဖွင့်လှစ်၍ (၆)လတာ သင်တန်းပို့ချခဲ့ရာ အရည်အချင်းစစ် စာမေးပွဲများ စစ်ဆေးခဲ့ပြီး ဖြေဆိုအောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူ (၄၀၆)ဦးအား သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။