ပုသိမ် မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲမှပြုလုပ်သည့် ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရွှေရည် ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပြည်သူများအနေဖြင့် ဥပဒေအသိပညာများ ပိုမိုသိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ရန်အတွက် ဥပဒေအသိပညာပေးဟောပြောပွဲများ ပြုလုပ်ရန် များစွာလိုအပ်မည်ဖြစ်ပါကြောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင်လည်း ပြည်သူအနေဖြင့် ဥပဒေအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲကိုဖွဲ့စည်းထားပါကြောင်း၊ ယခု ဥပဒေအသိပညာပေး ဟောပြောပွဲတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲမှ အဖွဲ့ဝင် (၈) ဦးက တရားဥပဒေ စိုးမိုးရေးနှင့်စပ်လျဉ်း၍ ၎င်းတို့ဆောင်ရွက်ရသည့် ကဏ္ဍအလိုက် ဆွေးနွေးဟောပြောမည်ဖြစ်ပါကြောင်း၊ ဟောပြောပွဲသို့ တက်ရောက်လာသူများ အနေဖြင့်လည်း ဆွေးနွေးဟောပြောမှုများအပေါ် လေ့လာမှတ်သားပြီး မိမိတို့သိရှိလိုသည့် အချက်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြရင်း ဥပဒေအသိပညာ ဗဟုသုတများရရှိမှာ ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ယခုဟောပြောပွဲကရရှိသော ဥပဒေ အသိပညာများကို မိမိ၏မိသားစုဝင်များ၊ မိမိတို့နှင့် ထိတွေ့ဆက်ဆံရသော ပြည်သူများကို လက်ဆင့်ကမ်းမျှဝေ ပေးကြပါလို့ တိုက်တွန်းလိုပါကြောင်း” အမှာစကားပြောကြားပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ တရားဥပဒေ စိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်များပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲအဖွဲ့ခေါင်းဆောင် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တိုင်းဒေသကြီးဥပဒေချုပ်က ဧရာဝတီတိုင်းဒေသကြီး၊ တရားဥပဒေ စိုးမိုးရေး နှင့်တရားမျှတမှုဆိုင်ရာလုပ်ငန်များ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီးအထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ မူးယစ်တပ်ဖွဲ့စုရဲမှူး၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးအကျဉ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တရားလွှတ်တော်ရှေ့နေဦးမြင့်အောင်တို့က ဥပဒေအသိပညာပေး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်၊ ဖိုးရွှေမြကုန်းကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၁)စက်မှုလယ်ယာစခန်း (ပုသိမ်မြို့) မှ လယ်ယာမြေအဆင့် မြှင့်တင်ခြင်း (၅၀) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းသို့သွားရောက်ခဲ့ပြီး လယ်ယာမြေအဆင့် မြှင့်တင်ဆောင်ရွက် ပြီးစီးသည့်လယ်ယာမြေများတွင် နွေစပါးစိုက်ပျိုးထားရှိမှုနှင့် ကျန်ရှိသည့် လယ်ယာမြေများတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အပြီးသတ်ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ရာ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လယ်ယာမြေအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက စိုက်ပျိုးမြေများကို အကျိုးရှိစွာ အသုံးပြုရန်နှင့် သီးနှံများအား အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့ကို ပေးအပ်ထားသည့် တာဝန်များထမ်းဆောင်ရာတွင် ချမှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍမှ တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံကောင်းမွန်စေရေးအတွက် နိုင်ငံ့အရေးကို ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာ နေရာများအလိုက် ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို တတ်စွမ်းသရွေ့ဖော်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ဥပဒေ၏ အခြေခံမှာ စည်းကမ်းပင်ဖြစ်ပြီး အခြေခံဥပဒေဆိုင်ရာ အသိ၊ အမြင်ရရှိစေရေး ပညာပေးမှုများနှင့် ထိန်းကျောင်းမှုများကို ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ သင်တန်းတွင်ပို့ချခဲ့သည့် ဥပဒေ ဘာသာရပ်များနှင့်စပ်လျဉ်း၍ မိမိတို့တာဝန်ယူရသည့် လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း ဥပဒေအသိပညာများ လက်ဆင့်ကမ်းမျှဝေပေးရန်နှင့် မိမိတို့ဌာနအတွင်း ဥပဒေအသိပညာပေး သင်တန်းတက်ရောက်ရခြင်း မရှိသေးသည့်အရာထမ်း၊ အမှုထမ်းများကိုလည်း ဥပဒေအသိပညာများပြန်လည်၍ မျှဝေပေးရန် လိုအပ်ပါကြောင်း” အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို ယခုလ၂၈ရက်နေ့မှ ၃၁ရက်နေ့အထိ လေးရက်ကြာ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်း (၅၁)ဦး တက်ရောက်ခဲ့ကြပြီး ဥပဒေဘာသာရပ် (၁၇)ခု၊ စီးပွားရေးစာချုပ်စာတမ်း အကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ သင်ကြားပို့ချခဲ့ကြောင်းသိရသည်။