ပုသိမ် မတ်လ ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူ များ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပုသိမ်မြို့၊ သလပ်ခွာအခြေခံပညာကျောင်းစာစစ်ဌာနသို့ သွားရောက်၍ တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အခက်အခဲမရှိဖြေဆိုနိုင်ရေး ဝိုင်းဝန်းစောင့်ရှောက်ကြရန်၊ မေးခွန်းများသယ်ဆောင်ရာတွင် လုံခြုံမှုရှိရေးနှင့် ထိန်းသိမ်းစောင့်ရှောက်မှုများ အလေးထားဆောင်ရွက်ရန်၊ ကျောင်းဝန်းအတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ ထူးခြားမှု တစ်စုံတစ်ရာရှိပါက ကွပ်ကဲရေးရုံးများမှတစ်ဆင့် အချိန်မီသတင်းပေးပို့ကြရန်နှင့် ကျောင်းသား ကျောင်းသူများအား လိုအပ်ပါက ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး မှာကြားကာ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာန၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ အမှတ်(၇)အခြေခံ ပညာအထက်တန်းကျောင်းစာစစ်ဌာန၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန များသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ အခက်အခဲမရှိ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှု များအား ကြည့်ရှုအားပေးခဲ့သည်။
ထို့သို့ စာစစ်ဌာနများအား လှည့်လည်ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆို နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြု ဆောင်ရွက်ရေး၊ ကျောင်းသား၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနစုစုပေါင်း (၂၄၅)ခုတွင် ယနေ့အင်္ဂလိပ်စာဘာသာရပ်အား ကျား (၁၃၆၅၆)ဦး၊ မ( ၁၈၅၈၁)ဦး စုစုပေါင်း( ၃၂၂၃၇)ဦး ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၀၅) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။