ပုသိမ် မတ်လ ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်အတွင်းရှိ ရွှေသောင်ယံ၊ ချောင်းသာနှင့် ငွေဆောင်မြို့များရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် စာစစ်ဌာနများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အခြေခံပညာအထက်တန်းကျောင်းရွှေသောင်ယံစာစစ်ဌာနသို့သွားရောက်၍ ဆရာဆရာမများနှင့် တွေ့ဆုံကာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ စာစစ်ဌာနများနှင့် ကျောင်းသားကျောင်းသူများ၏ လုံခြုံရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော် ၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များ ဒေသခံများပူးပေါင်း ဆောင်ရွက်ထားရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်များမှ ပါေမာက္ခများ ဆရာ ဆရာမများနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများတွေ့ဆုံ၍ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများအား ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများထံသို့ပြန်လည် ပို့ချပေးနိုင်ခဲ့သဖြင့် ကျောင်းသားကျောင်းသူများ ဖြေဆိုနိုင်မည်ဟုယုံကြည်ပါကြောင်း၊ မေးခွန်းများ၊ အဖြေလွှာများသယ်ဆောင်ရာတွင် လုံခြုံမှုရှိစေရေးနှင့် ထိန်းသိမ်းစောင့်ရှောက်မှုများ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထူးခြားမှုတစ်စုံတစ်ရာရှိပါက ကွပ်ကဲရေးရုံးများမှတစ်ဆင့် အချိန်မီသတင်းပေးပို့ကြရန် မှာကြားကာ တိုင်းဒေသကြီးပညာရေးမှူးက တက္ကသိုလ်ဝင်စာမေးပွဲစည်းကမ်းချက်များအားရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး စာမေးပွဲဖြေဆိုမည့်အခန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ရွှေသောင်ယံ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာရင်းရှိကျား(၂၉)ဦး၊ မ(၄၆)ဦး စုစုပေါင်း(၇၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း ချောင်းသာသို့ သွားရောက်၍ စာမေးပွဲဖြေဆိုမည့်အခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ အသင့်ရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ မေးခွန်းများ၊ အဖြေလွှာများသယ်ဆောင်ရာတွင် လုံခြုံမှုရှိစေရေးနှင့် ထူးခြားမှုတစ်စုံတစ်ရာရှိပါက ကွပ်ကဲရေးရုံးများမှတစ်ဆင့် အချိန်မီသတင်းပေးပို့ကြရန် မှာကြားခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ အခြေခံပညာအထက်တန်းကျောင်း ချောင်းသာ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာရင်းရှိကျား(၄၃)ဦး၊ မ(၇၇)ဦး စုစုပေါင်း(၁၂၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း မူလ(၁၈)ပေအကျယ်မှ (၂၄)ပေအကျယ် ကတ္တရာလမ်းချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် မိုင်တိုင် ၃၀/၇ နှင့် မိုင်တိုင် ၂၄/၀ တို့တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စီမံကိန်းလုပ်ငန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၁၈/၀)မိုင်မှ (၃၅/၀)မိုင်အတွင်း (၁၇ မိုင် ၀ ဖာလုံ) ပေ(၄၀) အကျယ် မြေသားတာဘောင်တည်ဆောက်ခြင်း/ လမ်းတာဘောင်ချဲ့ခြင်း၊ (၁၈)ပေ အကျယ်မှ( ၂၄ )ပေ အကျယ် လမ်းချဲ့ခြင်းလုပ်ငန်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအလေးထား ဆောင်ရွက်ရန်၊ မိုးမကျမီ မြေကြီးလုပ်ငန်းများနှင့် လမ်းဘေးရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၁၈/၀)မိုင်မှ (၃၅/၀)မိုင်အတွင်း မြေသားလုပ်ငန်း ၉၅ ရာခိုင်နှုန်း၊ လမ်းချဲ့ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်း၊ ( ၂၄ )ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းဆောင်ရွက်ပြီး ဖြစ်ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း ငွေဆောင်စာစစ်ဌာနသို့ သွားရောက်၍ စာမေးပွဲဖြေဆိုမည့်အခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အသင့်ရှိစေရေး၊ မေးခွန်းများ၊ အဖြေလွှာများသယ်ဆောင်ရာတွင် လုံခြုံမှုရှိစေရေးနှင့် ထူးခြားမှုတစ်စုံတစ်ရာရှိပါက ကွပ်ကဲရေးရုံးများမှတစ်ဆင့် အချိန်မီသတင်းပေးပို့ကြရန် မှာကြားခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ အခြေခံပညာအထက်တန်းကျောင်း ငွေဆောင် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာရင်းရှိကျား(၄၆)ဦး၊ မ(၅၅)ဦး စုစုပေါင်း(၁၀၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ခရိုင်တွင် စာစစ်ဌာန (၄၁)ခု၊ ကျုံပျော်ခရိုင်တွင် စာစစ်ဌာန(၃၁)ခု၊ ဟင်္သါတခရိုင်တွင် စာစစ်ဌာန(၃၀)ခု၊ မြန်အောင်ခရိုင်တွင် စာစစ်ဌာန(၂၀)ခု၊ မအူပင်ခရိုင်တွင် စာစစ်ဌာန(၄၂)ခု၊ မြောင်းမြခရိုင်တွင် စာစစ်ဌာန(၃၅)ခု၊ ဖျာပုံခရိုင်တွင် စာစစ်ဌာန(၃၂)ခု၊ လပွတ္တာခရိုင်တွင် စာစစ်ဌာန(၁၄)ခု စုစုပေါင်း(၂၄၅)ခုတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၄၃၅၅)ဦး ဖြေဆိုမည်ဖြစ်ကြောင်း သိရှိရပါသည်။