ပုသိမ် မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပီလောပီနံထုတ်ကုန်များ စျေးကွက်ရရှိရေးနှင့် ပြည်တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရေးဆွေးနွေးရာ ကုမ္ပဏီ ဥက္ကဌနှင့် တာဝန်ရှိသူများက ငါးအစာတောင့်စက်ရုံစတင်စမ်းသပ်လည်ပတ်နိုင်ရန် ကုန်ကြမ်းများစတင်စုဆောင်းနေမှုများနှင့် စပ်လျင်းပြီး ပီလောပီနံကော်မှုန့်ထုတ်လုပ်မှုနည်းစနစ်အဆင့်ဆင့်များ၊ ပီလောပီနံကုန်ကြမ်းမှ အနံ့၊ အရောင်၊ အရည်အသွေးကောင်းမွန်သော ကုန်ချောအဆင့်ထုတ်လုပ်နိုင်ရေး၊ အဆင့်မီစက်ပစ္စည်းများနှင့် စက်ရုံများတည်ဆောက်ရမည့်အ ခြေအနေများ၊ အရည်အသွေးပြည့်မီသောကုန်ချောများအား ပြည်တွင်း၊ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ ပီလောပီနံစိုက်တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရန် စျေးကွက်ရရှိရေးတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ”ပီလောပီနံစိုက်တောင်သူများအနေဖြင့် ပီလောပီနံဈေးနှုန်းတည်ငြိမ်မှုရှိပြီးထိုက်သင့်သည့် ဈေးနှုန်းရရန်၊ ပီလောပီနံစိုက်ဧကများတိုးချဲ့နိုင်ရန်နှင့် ထုတ်ကုန်တိုးမြှင့်နိုင်ရန်ဖြစ်ပါကြောင်း၊ မျိုးရွေးချယ်မှု၊ စိုက်ပျိုးရေးနည်းပညာများကို အသိပညာပေးမှုနှင့် အရည်အသွေးအဆင့်မီ ပီလောပီနံကော်မှုန့်စက်ရုံများ ထူထောင်လည်ပတ်နိုင်လျှင် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်းနှင့် တောင်သူ၊ လုပ်ငန်းရှင်နှင့် တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်” ပြောကြားခဲ့ပြီး ပီလောပီနံဈေးကွက်ရရှိရေးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ကုမ္ပဏီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွန်ကကရစ်ပိုက်များဖြင့် ရေသွင်းစနစ်တည်ဆောက်နေမှုလုပ်ငန်းကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် Gasifier control room တွင် gasifier နှင့် gas purification system တို့ကို computer control system ဖြင့် ထိန်းချုပ်လည်ပတ်သည့်စနစ်ကို စတင်စမ်းသပ်သုံးစွဲနေမှု၊ 12 MW လျှပ်စစ်ဓါတ်အားထုတ်နိုင်မည့် gasifier နှင့် gas engine သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် လျှပ်စစ်ဓါတ်အား စမ်းသပ်ထုတ်လုပ်နေမှုနှင့် ရောက်ရှိပြီးသည့် gas engine ၂၁ လုံး၊ ဆက်စပ်စက်ပစ္စည်းများနှင့် ပိုက်လိုင်းများ တပ်ဆင်ရေးဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ စပါးခွံလောင်စာသုံး boiler နင့် turbine အသုံးပြုပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေးလုပ်ငန်းခွင်အတွင်း စပါးခွံသိုလှောင်ရုံတည်ဆောက်ပြီးစီးနေမှု အခြေအနေများ၊ Turbine အဆောက်အဦအတွင်း 30 MW လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် 15 MW Steam turbines generators ၂ စုံနှင့် ဆက်စပ်စက်ပစ္စည်းများ၊ ပိုက်လိုင်းများတပ်ဆင်နေမှု၊ လျှပ်စစ် panel များတပ်ဆင်နေမှု လုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြသမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးမှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။