ပုသိမ် မတ်လ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)တွင် ယနေ့နေ့လည်ပိုင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အရာရှိကြီးများ၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများက video conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က " တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင် ကျောင်းသားကျောင်းသူများအား သာပေါင်း၊ ချောင်းသာနှင့် ပုသိမ်မြို့များရှိ စာစစ်ဌာနများတွင် ဖြေဆိုနိုင်ရေးဆောင်ရွက်ထားရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနစုစုပေါင်း(၂၄၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် အန္တရာယ်ကင်းစွာဖြေဆိုနိုင်ရေးအတွက် စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာစစ်ဌာန များတွင် တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အပြင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ စာစစ်ဌာနများတွင် ထူးခြားမှုများရှိပါက အချိန်မီသတင်းပေးပို့ ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းသားကျောင်းသူများ လမ်းခရီးသွားလာမှု အဆင်ပြေစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ လိုက်နာစေရေးအသိ ပေးနှိုးဆော်သွားရန်နှင့် မြစ်ချောင်း များ ဖြတ်ကူး၍ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် ဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုချိန်ကာလအတွင်း လျှပ်စစ်မီးအခက်အခဲမရှိစေရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပူပြင်းသည့်ကာလဖြစ်သောကြောင့် မီးဘေး အန္တရာယ်ဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာစစ်ဌာနများတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိရန်နှင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန်” မှာကြားခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက မြို့နယ်များအလိုက် စာစစ်ဌာနများ၏ လုံခြုံရေးအနေဖြင့် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကွပ်ကဲမှုရုံးများဖွင့်လှစ်၍ သတင်းချိတ်ဆက်မှုမြန်ဆန်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွက် လုံခြုံရေးဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးက တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် ပညာရေးဌာနမှ ဆောင်ရွက်ထားရှိမှု များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။