ပုသိမ် နိုဝင်ဘာ ၂၂
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမသို့ သွားရောက်၍ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒို၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ဗိုဗီနမ်နှင့် လက်ဝှေ့ အားကစားများမှ အားကစားနည်းတစ်ခုချင်းစီအလိုက် လက်ရည်စစ်ယှဉ်ပြိုင် နေမှုများနှင့် သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသဆောင်ရွက်ပေးခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ဆရာ၊ ဆရာမများအား တွေ့ဆုံ နှုတ်ဆက်အားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ် ပြီးစီးသည့် ကလေးငယ်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ဆရာ၊ ဆရာမများအား ဒေသထွက် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် (၁၈.၁၁.၂၀၂၄)ရက်နေ့မှ (၂၂.၁၁.၂၀၂၄) ရက်နေ့အထိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ(၉၆)ဦးအား ခွဲစိတ်ကုသပေးခဲ့ပါသည်။