ပုသိမ် နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ Polytechnic University (Maubin)(မအူပင်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ကျောင်းအဝင်မုခ်ဦးရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် Polytechnic University (Maubin) ကျောင်းမုခ်ဦးဆိုင်းဘုတ်အား တာဝန်ရှိသူများနှင့်အတူဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ကျောင်းမုခ်ဦးဆိုင်းဘုတ်အားစက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် အခမ်းအနားကို တက္ကသိုလ်စုဝေးခန်းမ၌ ဆက်လက်ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက Polytechnic University (Maubin)ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ နည်းပညာတက္ကသိုလ် (မအူပင်)နှင့် ကွန်ပျူတာတက္ကသိုလ်(မအူပင်) တို့ကို ပေါင်းစပ်၍ Polytechnic University အဖြစ်အဆင့်တိုးမြှင့်တင် ပြောင်းလဲဖွင့်လှစ်ခွင့် ရသည့်အတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့သည် အထူးဖွံ့ဖြိုးရေးဒေသကြီးများတွင် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အထူးဖွံ့ဖြိုးရေးဒေသကြီးတွင် ပါဝင်သည့် မအူပင်မြို့တွင် Polytechnic University (Maubin) အဖြစ်ပြောင်းလဲ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ Polytechnic University ဆိုသည်မှာ သိပ္ပံ ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ ပညာရပ်များနှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ် များအား ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများ အထိလက်တွေ့ကျ သော လေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင် နှင့်ချိတ်ဆက် သင်ကြားပို့ချပေးသော တက္ကသိုလ်တစ်ခုဖြစ်ပါကြောင်း၊ Polytechnic University (Maubin)၌ Kg+12 အောင်မြင်လာသော ပထမနှစ်ကျောင်းသား/ကျောင်းသူများအား အင်ဂျင်နီယာဘာသာရပ်ကြီး (၄)ခု ဖြစ်သည့် မြို့ပြအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်းတို့ကို သင်တန်းကာလ (၅)နှစ်ဖြင့် ဖွင့်လှစ်မှာဖြစ်ပြီး သတင်းအချက်အလက်နည်းပညာဆိုင်ရာ အထူးပြုဘာသာရပ်ကြီး(၂)ခုဖြစ်သော ကွန်ပျူတာသိပ္ပံ သင်တန်း နှင့် ကွန်ပျူတာနည်းပညာသင်တန်းတို့ကို သင်တန်းကာလ (၄)နှစ်ဖြင့်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ Polytechnic University ဆိုသည်မှာ နည်းပညာ ၊ သက်မွေးပညာများနှင့် ဆက်နွယ်သော ဘာသာရပ် စုံလင်စွာ သင်ကြားပေးသည့် တက္ကသိုလ် ၊ နည်းပညာများအား လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင် ထိရောက်စွာ အသုံးပြုနိုင်ရေး ဦးစားပေး သင်ကြားသည့် တက္ကသိုလ် ၊ ဘွဲ့ကြိုသင်တန်းများ၊ဘွဲ့လွန်သင်တန်းများ၊ သုတေသနများ စုံလင်စွာ ပါဝင်သည့် တက္ကသိုလ်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာအထူးပြုဘာသာရပ်များအလိုက် မိမိတို့ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် အင်ဂျင်နီယာပညာရှင်များ၊ ကွန်ပျူတာပညာရှင်များဖြစ်အောင် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားအားထုတ်ခဲ့ကြရန်လိုအပ်ပါကြောင်း၊ တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်သော လေ့လာမှု၊ သင်ယူမှု၊ တီထွင်ဆန်းသစ်မှုများနှင့်အတူ မိမိတက္ကသိုလ်၏ ဂုဏ်သတင်းရနံ့ မွှေးပျံ့အောင်ကြိုးပမ်း သင်ယူသွားကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ Polytechnic University (Maubin) မှပါမောက္ခချုပ်များက Polytechnic University (Maubin) ဖွင့်လှစ်ကြောင်းရှင်းလင်းတင်ပြခြင်းနှင့် မောင်မယ်သစ်လွင်ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပါမောက္ခချုပ်ဒေါက်တာကျော့ခင်က အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပြန်လည်ပေးအပ်ခဲ့သည်။ထို့နောက် ပါမောက္ခချုပ်ဒေါက်တာကျော့ခင်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ Project Show အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။