ပုသိမ် နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်အတွင်းရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျုံဝါးကျေးရွာအုပ်စု ကံချောင်-ကျုံဝါးရိုး ချောင်းကောပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ် ကျုံဝါးကျေးရွာ အုပ်စု ကံချောင်-ကျုံဝါးရိုး ချောင်းကော မြောင်းအလျား ၀.၇၅၇၊ ထိပ်ဝအကျယ် ၂၀ပေ၊ အောက်ခြေ အကျယ် ၈ ပေ၊ ပျမ်းမျှအနက် ၆ ပေ၊ အကျိုးပြုဧက ၄၀၀ အား အကျိုးပြုမည့် ချောင်းကော ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေးနှင့် ရေဝင်ရေထွက်ကောင်းမွန်စေရေး ဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ရေမြောင်းတူးဖော်ပြီးပါကမြောင်းတာဘောင်များ၊ မြေလွတ် များတွင် သီးနှံများစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။
ယင်းနောက် ကျုံဝါးကျေးရွာရှိ တောင်သူဦးရွှေအေး၏ စိုက်ဧက(၅)ကတွင် ဗျော့ထွန်းမျိုးစပါး ရိတ်သိမ်းခြွေလှေ့နေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး စပါးစိုက်ပျိုးရိတ်သိမ်းမှု အခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး အထွက်တိုးမျိုးစပါးများအသုံးပြုစိုက်ပျိုးနိုင်စေရေး၊ သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့ရှိ ဦးဆန်းလင်းအောင်၏ အသားတိုးကြက် ၃၁ရက်သားကောင်ရေ(၁၅၀၀၀)၊ ၂၁ရက်သား ကောင်ရေ (၁၅၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်မှု စာရင်းဇယားများ စနစ်တကျ မှတ်သားဆောင်ရွက်စေရန်၊ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ ထုတ်လုပ်မှု ကုန်ကျစရိတ်များလျော့ချနိုင်ရေးဆောင်ရွက်ရန်နှင့် ဒေသထွက်တိရစ္ဆာန်အစာများပိုမိုအသုံးပြု ရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ကာ မွေးမြူရေးခြံသုံးဆေးဝါးများထောက်ပံ့ပေးခဲ့သည်။ အဆိုပါ အသားစားကြက်မွေးမြးရေးခြံတွင် အသားစားကြက်များကို လေအေးပေးစနစ်ဖြင့်မွေးမြူထားရှိပြီး ၃၅ရက်ပြည့်မှစတင်၍ တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များသို့ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။