ပုသိမ် နိုဝင်ဘာ ၁၈
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုဝင် စပါးမျိုးများ စုဆောင်းခြင်းဆိုင်ရာ နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်သည်နှင့်အညီ နှစ်စဉ်မိုးစပါး စိုက်ဧက (၃၇) သိန်းကျော် နှင့် နွေစပါးစိုက်ဧက (၁၄) သိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ နှစ်စဉ် မိုးစပါး စိုက်ဧက (၈) သိန်းနီးပါး ကိုပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ်လျှက်ရှိကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအား စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုသင်တန်းမှ ပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုဝင်မျိုးများ စုဆောင်းခြင်း ဆိုင်ရာနည်းပညာများကို သိရှိလာခြင်းဖြင့် ပေါ်ဆန်း စပါးမျိုးများ၏ မူလအရင်းအမြစ်၊ ဗီဇနှင့် အရည်အသွေးလက္ခဏာများကို မှတ်တမ်းများပြုစုနိုင်ပြီး၊ အလားအလာရှိသောမျိုးသစ်များ စမ်းသပ်ဖော်ထုတ်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသန ဦးစီး ဌာနနှင့် စိုက်ပျိုး ရေးဦးစီးဌာနမှ ပေါ်ဆန်းသုတေသနပညာရှင်များ၊ ဧရာဝတီ တိုင်းဒေသကြီး၊ မြို့နယ် (၂၆) မြို့နယ်မှ စိုက်ပျိုးရေးဝန်ထမ်းများ ပါဝင်သဖြင့် မြို့နယ်များတွင် ကြုံတွေ့ရသော ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်သည့် နည်းပညာရပ်များနှင့် အခက်အခဲများ၊ ပေါ်ဆန်းမျိုးများအကြောင်း အမြင်ခြင်းဖလှယ်ခွင့်၊ ဆွေးနွေးခွင့်များ လည်းရရှိပြီး ဖြေရှင်းနိုင်မည့် ရလဒ်ကောင်းများရရှိလာမည် ဖြစ်သဖြင့် ပေါ်ဆန်း တစ်ဧက အထွက်နှုန်းတိုးတက် စေရန်နှင့် အရည်အသွေး ကောင်းမွန် လာစေရန် အထောက်အကူပြုမည်ဟုလည်း မျှော်လင့်ကြောင်း" အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးနှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်သက်သက်ဦးတို့က နည်းပညာသင်တန်း ကျင်းပရခြင်း၊ ပေါ်ဆန်းဗီဇမျိုးကွဲများအား စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည် အသုံးချခြင်း ဆိုင်ရာသင်တန်း ပြုလုပ်ရခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မျိုးစုဆောင်းခြင်းနှင့် ပတ်သက်သည့် video Clip အားကြည့်ရှုခဲ့သည်။အဆိုပါသင်တန်းကို ၁၈.၁၁.၂၀၂၄ ရက်နေ့မှ ၁၉.၁၁.၂၀၂၄ ရက်နေ့ထိ(၂)ရက်တာ ကျင်းပပြုလုပ်မည် ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့်စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ပေါ်ဆန်းစပါးသုတေသန ပညာရှင်များက ပေါ်ဆန်းစပါးမျိုးများ၏ ဗီဇအရင်းအမြစ်များ ထိန်းသိမ်းထားရှိမှုများ၊ မျိုးဗီဇအရင်းအမြစ်များ စုဆောင်းခြင်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်များမှ ဝန်ထမ်း (၅၄)ဦး အားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။