ပုသိမ် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြုလုပ်သည့် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ World Rabies Dayအထိမ်းအမှတ် ပညာပေးဟောပြောပွဲနှင့် World Milk Dayအထိမ်းအမှတ် နွားနို့တိုက်ကျွေးခြင်းအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ခွေးရူးရောဂါသည် ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားပြီး လူအပါအဝင်သွေးနွေးသတ္တဝါအားလုံး၊ အိမ်မွေး တိရစ္ဆာန်နှင့် တောရိုင်း တိရစ္ဆာန်များတွင်ဖြစ်ပွားနိုင်ပါကြောင်းနှင့် ရောဂါပိုးရှိသောခွေး ကိုက်ခံရပါက ၁၀၀% ခွေးရူးရောဂါဖြစ်ပွားနိုင်ပါကြောင်း၊ ခွေးရူးရောဂါသည် ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပြီး အာရှနှင့်အာဖရိကနိုင်ငံများ၏ ဖွံ့ဖြိုးမှုနိမ့်ကျသောကျေးရွာများတွင် ထိခိုက်မှုပိုမို မြင့်မားသည်ကိုသိရှိရပါကြောင်း၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ (၁၅)မိနစ်လျှင် တစ်ယောက်နှုန်း ခွေးရူးရောဂါကြောင့် သေဆုံးလျက်ရှိပြီး ကမ္ဘာတစ်ဝန်းတွင် ခွေးရူးရောဂါကြောင့်နှစ်စဉ်လူ (၅၀၀၀၀-၇၀၀၀၀)ဦး သေဆုံးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်ခွေးကောင်ရေ (၁၉)သိန်းကျော်ရှိပြီး နှစ်စဉ်ခွေးကိုက်ခံရသော လူဦးရေ (၁၅ဝဝဝ-၂ဝဝဝဝ)ရှိပြီး ခွေးရူးရောဂါကူးစက်သောလူဦးရေ (၂၀၀)ခန့် ရှိပါကြောင်းနှင့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဟာ အလွန်အရေးပါပြီး လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်တဲ့အတွက် နိုင်ငံတော်နှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ယခုနှစ် World Rabies Day နေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ Breaking Rabies Boundaries “အတားအဆီးများကို ကျော်လွန်မှ ခွေးရူးရောဂါကင်းစင်ပ ခြေလှမ်းတိုင်းမှာပါဝင်ကြ” နဲ့အညီ အိမ်မွေးတိရစ္ဆာန်မွေးမြူသူများ၊ ဆက်စပ်ဌာနများ၊ ပြည်သူလူထုများက ခွေးရူးရောဂါကာကွယ်ရေးလုပ်ငန်းများမှာကျရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားများပြောကြားသည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ World Rabies Day အထိမ်းအမှတ်အသိပညာပေးဟောပြောခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများအား World School Milk Dayအထိမ်းအမှတ်အနေဖြင့် နွားနို့အာဟာရများတိုက်ကျွေးခဲ့ကြပြီး ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ World Rabies Day အထိမ်းအမှတ်ပြသထားမှုများအားကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။