ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ပုသိမ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲသို့တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်) အနေဖြင့် အခြေခံသင်တန်း၊ အဆင့်မြင့်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းစသည်ဖြင့် သင်တန်းစုစုပေါင်း (၂၆) ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ ၁၂၀၀ဦးတို့ကို အသက်မွေးဝမ်းကြောင်းပညာရပ်များသင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးတွင် လူငယ်လူရွယ်များပြားပြီး ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်နိုင်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပါကြောင်း၊ သင်တန်းနည်းပြများအုပ်ချုပ်သူများမှ စနစ်တကျသင်ကြားပြသမှုများကို မမေ့မလျော့ဘဲ ဆည်းပူးလေ့လာ၍ လက်တွေ့ဘဝနယ်ပယ်တွင် မိသားစုဝင်ငွေရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားကြရမှာဖြစ်ပါကြောင်းနှင့် သင်တန်းကျောင်းရည်ရွယ်ချက်များကိုကောင်း စွာသိရှိနားလည်ပြီး မိမိတို့ဒေသဖွံံ့ဖြိုးတိုးတက်ရေးဝိုင်းဝန်းကြိုးစားကြရန် ပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်ဆုနှင့် သင်တန်းဆင်းအောင်လက်မှတ်များချီးမြှင့်ပေးခဲ့ပါသည်။
ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းဆင်းသင်တန်းသူများချုပ်လုပ်ထားရှိသည့်လက်ရာများအား ကြည့်ရှုအားပေးခဲ့ပါသည်။ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကို သင်တန်းကာလ (၂၂)ပတ်ကြာသင်ကြားပို့ချခဲ့ပြီး သင်တန်းသူ ၃၅ ဦးကို သင်တန်းဆင်းပေးနိုင်ခဲ့ကြောင်းသိရသည်။